ဆွေးနွေးတင်ပြခြင်း
19
admin@foeimComment Closed


Free Online Educational Institution Myanmar (FOEIM) မှ တိုင်းရင်းသားဒေသများရှိ ကျောင်းသားများ၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကို တိုးတက်မှုရှိအောင် ဖော်ဆောင်နိုင်ရန် ဆွေးနွေးတင်ပြခြင်း
ရက်စွဲ။ ။ ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်
ရည်ရွယ်ချက်
- တိုင်းရင်းသားပြည်သူများနှင့် တိုင်းရင်းသားဒေသရှိကျောင်းသားများအတွက် ပိုမိုကောင်းမွန် သောပညာရေးစနစ်နှင့် တောင်ပေါ်မြေပြန့်၊ မြို့ပြကျေးလက်မကျန် တန်းတူရရှိနိုင်သော အဆင့်မြင့်ပညာရေးစနစ် ပေါ်ထွန်းလာစေရန်။
- တိုင်းရင်းသားများအနေဖြင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် မိမိဒေသအတွင်း ဖက်ဒရယ် ပညာရေး စနစ် ရရှိစေရန်။
- ပြည်နယ်နှင့်တိုင်းဒေသအသီးသီးတွင် လိုအပ်နေသော အခြေခံပညာရေးဆိုင်ရာ လိုအပ်ချက်များ ကို သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသများရှိ ကျောင်းသားခေါင်းဆောင်များ၊ ကျောင်းသား သမဂ္ဂများနှင့်တွေ့ဆုံဆွေးနွေးကာ ဖြေရှင်းနိုင်ရန်။
- ပညာရေးစနစ် တိုးတက်ဖော်ဆောင်ရေးလမ်းစဉ်တွင်လည်း ယခင်ပညာရေးစနစ်နှင့်မတူဘဲ critical thinking ဖြင့်ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်အဖြစ် ပြုပြင်ပြောင်းလဲနိုင်ရန်။
ပြုပြင်ပြောင်းလဲရေးကဏ္ဍ
- ယခုကြားကာလ ပညာသင်ကြားရေးစနစ်တစ်ခုအနေဖြင့် ဦးစွာပထမ ပိုမိုထိရောက်သော သင်ကြားရေးစနစ်တစ်ခု ဖော်ဆောင်နိုင်ရန်။
- ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာချိန်တွင်လည်း ဖက်ဒရယ်ပညာရေးစနစ် နှင့်အညီ မိမိတို့၏ တိုင်းရင်းသားဘာသာစကားကို အခြေပြုသော အခြေခံပညာရေးစနစ်သစ် ပေါ်ထွန်း လာစေရန်။
- သင်ကြားရေးကဏ္ဍတွင်လည်း ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်နှင့် သင်ကြားပုံနည်းစနစ်၊ ကျောင်းများ၏ သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို မြို့ပြရှိ အခြေခံကျောင်းများ နည်းတူ တိုင်းရင်းသားဒေသများရှိ အခြေခံကျောင်းများပါမကျန် တန်းတူညီမျှဖြစ်မှုနှင့် လုံလောက်သော အထောက်အပံ့များ ရရှိနိုင်စေရန်။
- တိုင်းရင်းသားဒေသများနှင့် တိုင်းရင်းသားပြည်သူများ ကိုယ်စားပြုကျောင်းသား ခေါင်းဆောင် များ၊ ကျောင်းသားသမဂ္ဂများအနေဖြင့် မိမိဒေသရှိ အခြေခံပညာရေး စနစ်လိုအပ်ချက်များကို ဆွေးနွေးအဖြေရှာကာ ပူးပေါင်းဖြေရှင်းနိုင်ရန်။
- တိုင်းရင်းသားဒေသအများစုတွင် စစ်ပွဲဒဏ်ကြောင့် စစ်ဘေးရှောင်နေရသော ကျောင်းသား များ၏ ပညာရေးကဏ္ဍသည် နောက်ကျလျက်ရှိသောကြောင့် တိုင်းပြည်ပြန်လည်အေးချမ်း သောအခါတွင် ထိုစစ်ဘေးရှောင်ကျောင်းသားများ၏ပညာရေးကဏ္ဍကို နောက်မကျစေဘဲ ပုံမှန်အတိုင်းဖြစ်စေရန် ပြန်လည်မြှင့်တင်ရေး အစီအစဉ်များကို ဝိုင်းဝန်းကူညီ ထောက်ပံ့ရန် လိုအပ်ပါသည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်
ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်အနေနှင့် တိုင်းရင်းသားပြည်သူအားလုံးနှင့်အတူ ပြည်နယ် ကိုယ်စားပြုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားများ ပူးပေါင်းကာ မိမိဒေသ၏ အခြေခံပညာရေး လိုအပ်ချက်များ၊ အခြားတိုင်းရင်းသားဒေသများ၏ အခြေခံပညာရေး လိုအပ်ချက်များအတွက် အတူလက်တွဲကာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဖြစ်သည်။ သို့မှသာ တိုင်းရင်းသားပြည်နယ် အားလုံးတပြိုင်နက် ခေတ်မီသော ဖက်ဒရယ်ပညာရေးစနစ်ကို အမြန်ဆုံးဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။
Mr.Khant Thu
Founder
Free Online Educational
Institution Myanmar